ဒေါက်တာနန္ဒမာလာဘိဝံသ
- Peter Personal Vlog
- May 24, 2020
- 3 min read
Updated: Mar 6
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမေက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။


ထေရုပ္ပတ္တိ
၁၃၀၁ ခုနှစ် တပေါင်းလပြည့်၊ (၁၉၄၀ ခုနှစ်၊ မတ်လ ၂၂ ) စနေနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှနှင့် မယ်တော် ဒေါ်ခင်တို့မှဖွားမြင်သည်။ ၁၃၀၅ (၁၉၄၄) ခုနှစ်၊ အသက်(၅)နှစ်သားအရွယ်တွင် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။ ၁၃၁၁ (၁၉၄၉) ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။ ၁၃၁၄ (၁၉၅၃) ခုနှစ်၊ အသက် (၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲ (၃)ဆင့် စတင်အောင်မြင်ခဲ့သည်။
၁၃၁၇ ခုနှစ်၊ ၁၉၅၆ ခုနှစ် အသက် ၁၆ နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူး ၂ ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂ဝ ပြည့်နှစ် ၁၉၅၈ ခုနှစ် သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို ရရှိခဲ့ပြီး စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ် အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၃၂၁ (၁၉၆၀) ခုနှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ ၁၃၂၅ ခုနှစ်၊ ၁၉၆၄ ခုနှစ် ရန်ကုန် စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိပြီး သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။ ၁၃၂၇ ခုနှစ် ၁၉၆၆ ခုနှစ် မန္တလေး သကျသီဟ အဘိဝံသဘွဲ့ကို ရရှိခဲ့သည်။

၁၃၂၈ ခုနှစ် ၁၉၆၇ ခုနှစ် ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက ပါဠိမြန်မာ ကျမ်းပြု အဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘန္တဒ္ဒနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာ ကို စတင် သင်ယူခဲ့သည်။ ၁၃၃၂ (၁၉၇၃) ခုနှစ်မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၁၃၃၉ (၁၉၈၀) ခုနှစ်တွင် ပထမအကြိမ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်းသံဃာနယကအဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)အဖြစ်လည်းကောင်း၊ ပဌမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပဌမပြန် စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆာကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၄၇ (၁၉၈၆) ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၄၈ ခုနှစ်၊ ၁၉၈၇ ခုနှစ် သီရိလင်္ကာနိုင်ငံ ဘော်ရဲလာမြို့ YMBA အသင်း၌ အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။ ၁၃၅ဝ ခုနှစ်၊ ၁၉၈၉ ခုနှစ် University of Kelaniya မှ MA (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။ ၁၃၅၅ (၁၉၉၄) ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ် ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။

၁၃၅၇ ခုနှစ်၊ ၁၉၉၆ ခုနှစ် နိုင်ငံတော်က အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့ ကို ဆက်ကပ်ခဲ့သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ Department of Language Studies ၌ English Diploma တန်းနှင့် BA တန်းများ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း အမေရိက၊ ကိုရီယား၊ မက္ကစီကို၊ ဂျာမဏီ၊ နယ်သာလန် စသောနိုင်ငံများသို့ ကြွရောက်၍ အဆိုပါ နိုင်ငံများရှိ သင်တန်းသူ သင်တန်းသားတို့အား ပါဠိဘာသာ၊အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြား ပို့ချပေးခဲ့သည်။ ၁၃၅၈ ခုနှစ်၊ ၁၉၉၇ ခုနှစ် အမေရိကန်ပြည်ထောင်စု ဘောလက်တီမိုးမြို့ ကေလာသဝိဟာရ ကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာသင်တန်း ပို့ချပေးခဲ့သည်။ ၁၃၆၀ ခုနှစ်၊ ၁၉၉၉ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ပြည်တွင်းပြည်ပမှ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား များအား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ ၁၃၆၁ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ် နိုင်ငံတော်က ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ရရှိခဲ့သည်။ ၁၃၆၄ ခုနှစ်၊ ၂၀၀၃ ခုနှစ် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ A Study of Jainism According to Buddhist Literature ကျမ်းဖြင့် Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှစ၍ ဂျာမနီ၊ နယ်သာလန်၊ ဩစတီးယား၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှားနိုင်ငံများသို့ နှစ်စဉ် မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားကြားပို့ချပေးသည်။ ၁၃၆၇ ခုနှစ်၊ ၂၀၀၅ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်။ ၁၃၈၁ ခုနှစ် ၂၀၁၉ ခုနှစ်ထိ ဖြစ်သည်။
၁၃၇၁ ခုနှစ်၊ ၂၀၀၉ ခုနှစ် ဝါဆိုလတွင် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ သာသနဝံသ ဆရာတော်ကြီး ပျံလွန်တော်မူ၍ မဟာသုဗောဓာရုံ သာသနဝံသ ဂဏာဓိပတိ မဟာနာယကအဖြစ် ဆောင်ရွက်တော်မူသည်။ ထိုနှစ်တွင် - (၁) စစ်ကိုင်းမြို့တွင် တိုက်ခွဲ (၁) Center for Buddhist Studies (CBS) (၂) သန်လျင်မြို့ အမှုထမ်းရပ်ကွက်ရှိ တိုက်ခွဲ(၂) ဓမ္မဝိဇ္ဇာလရ သုဗောဓာရုံကျောင်း တိုက်နှင့် (၃) မုံရွာမြို့ နန္ဒဝန်ရပ်၌ တိုက်ခွဲ(၃) သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်တို့ကို တည်ထောင်ဖွင့်လှစ်ပေးတော် မူသည်။
၁၃၇၃ ခုနှစ်၊ ၂ဝ၁၂ ခုနှစ် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ (၃၃) မိုင် (၂) ဖာလုံ အောင်ချမ်းသာရွာ၌ တိုက်ခွဲ (၄) ဓမ္မသဟာယသာသနစင်တာ Institute of Dhamma Education (IDE/PyinOoLwin) ကို တည်ထောင်တော်မူသည်။ ၁၃၇၅ ခုနှစ် ၂၀၁၄ ခုနှစ် ဇာတိဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရက္ကန်း စင်တောင်ဒေသတွင် နယ်သူနယ်သားများ ကျန်းမာရေးနှင့် ပညာရေးတိုးတက်ရန် ရည်မှန်း၍ ဒယာနန္ဒဖောင်ဒေးရှင်းကို တည်ထောင်တော်မူသည်။ ၁၃၇၇ ခုနှစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီ (၁၆)ရက်နေ့တွင် မေတ္တာနန္ဒအမည်ရှိ (၁၆)ကုတင်ဆန့် တိုက် နယ် ဆေးရုံကို အစိုးရအဖွဲ့အား ဆောက်လုပ်လှူဒါန်းသည့်အပြင် တိုက်ခွဲ (၆) သစ္စာနန္ဒဓမ္မစင်တာ ကိုလည်း တည်ထောင် ဖွင့်လှစ်ပေးတော်မူခဲ့သည်။ ၁၃၇၇ ခုနှစ် ၂ဝ၁၆ ခုနှစ် မတ်လတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၇) မိုင် (၆) ဖာလုံ ငါးဆူတောင် ဒေသ လှည်းကူးမြို့နယ်တွင် တိုက်ခွဲ(၅) ဓမ္မဝိနယစင်တာ Institute of Dhamma Education (IDE/ Yangon) ကို တည်ထောင်တော်မူသည်။ ၁၃၇၇ ခုနှစ် ၂ဝ၁၆ ခုနှစ် မတ်လတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၇) မိုင် (၆) ဖာလုံ ငါးဆူတောင် ဒေသ လှည်းကူးမြို့နယ်တွင် တိုက်ခွဲ(၅) ဓမ္မဝိနယစင်တာ Institute of Dhamma Education (IDE/ Yangon) ကို တည်ထောင်တော်မူသည်။ ၁၃၇၈ ခုနှစ် ၂၀၁၆ ခုနှစ် ပြင်ဦးလွင် ပွေးတောင် တိုက်ခွဲ (၇) ဓမ္မဝိဟာရကျောင်းတိုက်။ ၁၃၇၉ ခုနှစ် ၂၀၁၇ ခုနှစ် နေပြည်တော် ဥတ္တရသီရိမြို့ တိုက်ခွဲ (၈) ဝဇိရာနန္ဒဓမ္မစင်တာ။ ၁၃၇၉ ခုနှစ် ၂၀၁၇ ခုနှစ် အမေရိကန်နိုင်ငံ ပင်ဆာဗေးနီးယားပြည်နယ် ဘက်သလေဟန်းမြို့တွင် တိုက်ခွဲ(၁ဝ) သစ္စာနန္ဒဓမ္မစင်တာကို တည်ထောင်တော်မူသည်။ ၁၃၇၉ ခုနှစ်၊ ၂ဝ၁၈ ခုနှစ် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက အဖြစ် တင်မြှောက်ခံရသည်။ ၁၃၇၉ ခုနှစ်၊ ၂၀၁၈ ခုနှစ် နိုင်ငံတော်က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ နှင့် ရန်ကုန်မြို့ စေတိယင်္ဂဏအသင်းကြီးက စေတိယင်္ဂဏပရသိရီ မဟာဓမ္မဂုရုဘွဲ့ တို့ကို ဆက်ကပ်ခြင်းခံရသည်။ ၁၃၈၁ ခုနှစ် ၂၀၂၀ ခုနှစ် နိုင်ငံတော်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ကို ဆက်ကပ်ခဲ့ပြီး ပြင်ဦးလွင် စိုးမိုးအိုင်တွင် တိုက်ခွဲ (၉) မဇ္ဈိမပဋိပဒါဓမ္မစင်တာကို တည်ထောင်လျက်ရှိသည်။
၁၃၇၄ ခုနှစ်၊ ၂ဝ၁၃ ခုနှစ် (IDE) PyinOoLwin ၌ ရဟန်းသာမဏေ သီလရှင်ဆရာလေးများအား ပထမငယ်တန်းပထမလတ်တန်း၊ ပထမကြီးတန်း ဓမ္မာစရိယအတန်းများအတွက် စာပေများပို့ချ ပေးနေပါသည်။ နှစ်စဉ် ဝါတွင်းဝါပ ကာလများတွင် လူပုဂ္ဂိုလ်တို့အား အဘိဓမ္မာသင်တန်း ဝိသုဒ္ဓိမဂ်သင်တန်း၊ ပိဋကတ် .. စာပေလေ့လာနည်းများကိုလည်း သင်ကြားပို့ချပေးလျက်ရှိပြီး နိုင်ငံခြားသားများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် နှစ်စဉ် သင်ကြားပေးလျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် (IDE) Yangon တွင်လည်း ရဟန်းသံဃာများအား အင်္ဂလိပ်စာသင်တန်းများဖွင့် လှစ်ပေးခဲ့ပြီး နိုင်ငံခြားသား သင်တန်းသားများအား ဓမ္မစာပေသင်တန်းများကို ပို့ချပေးခဲ့သည်။ ယခုအခါ ပြင်ဦးလွင်မြို့ အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာ၌ ဓမ္မသင်တန်းများ ပို့ချ တော်မူခြင်း ဓမ္မဒေသနာများ ဟောကြားတော်မူခြင်း၊ အနယ်နယ် အရပ်ရပ်မှ မေးမြန်းလာသော ဓမ္မပုစ္ဆာများကို ဖြေကြားတော်မူခြင်းတို့ဖြင့် ကျန်းမာချမ်းသာစွာ သာသနာပြု သီတင်းသုံးတော်မူလျက်ရှိသည်။

ဆက်ကပ်ခံရသော ဘွဲ့တံဆိပ်တော်များ
၁၃၁၇ (၁၉၅၆) ခုနှစ်၊ အသက် (၁၆)နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း (၂)ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ရရှိခဲ့သည်။ ၁၃၁၉ (၁၉၅၇) ခုနှစ်တွင် သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၄ (၁၉၆၃) ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ (၁၉၆၄) ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ (၁၉၆၄) ခုနှစ်တွင် မန္တလေး သကျသီလ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။ ၁၃၄၈ (1989) ခုနှစ်တွင် University Of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၇ (၁၉၉၆) ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၁ (၂၀၀၀) ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ဆက်ကပ်ခဲ့သည်။
၁၃၆၄ (၂၀၀၃) ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၂၀ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းမှ ဆက်ကပ်ခဲ့သည်။
Comments