top of page

နဝရတ် ကိုးပါး

  • Writer: Peter Personal Vlog
    Peter Personal Vlog
  • May 23, 2020
  • 2 min read

နဝရတ် ကိုးပါးဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ နဝရတ် ကိုးပါးချယ်ထားသော လက်စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်သည်။ ကဝိလကဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင် ဟုတွေ့ရသည်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေသဏီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။


ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည် ကိုးထွေ နဝရတ် စွမ်းရည်တည်း။

နဝရတ် ကိုးပါး (THE ESTEEMED NINE-GEMS)

နဝရတ်လက်စွပ်သည် မြန်မာ လက်ထပ် ထိမ်းမြားခြင်းတွင် ရွှေခွက်(သို့)ငွေခွက်ထဲတွင် နဝရတ် ကိုးပါး၊ နံသာမျိုး ငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြားခြင်းကို ပြုလုပ်လေ့ရှိသည်။

နဝရတ်ကိုးပါးမှာ-

  1. ပတ္တမြား (Ruby)

  2. မြ (Emerald)

  3. စိန် (Diamond)

  4. ကြောင် (Cat's eye stone)

  5. နီလာ (Sapphire)

  6. ဂေါ်မိတ် (Zircon or Garnet)

  7. ဥဿဖယား (Topaz)

  8. သန္တာ (Coral Stone)

  9. ပုလဲ (Pearl) ဖြစ်သည်။

ယင်း ရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင်ပါဝင်သောရတနာများဖြစ်ကြသည်။ ၎င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာတို့သည် အဖိုးအတန်ဆုံးဖြစ်ကြသည်။ ပုလဲနှင့်သန္တာသည် တွင်းထွက်ကျောက်မျက်များမဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရသည်။ နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုး တမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာ ခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍ နီလာသည် တောက်ပသော အပြာရောင်ရှိသည်။ စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင်ခေါ်သည်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀ ရှိသည့်အနက်စိန်သည် အမာဆုံးသောကျောက်မျက်ဖြစ်သည်။ ကြောင်ကို ကြောင်မျက်ရွဲဟုလည်း ခေါ်ကြသည်။ မြတွင်ကြည်လင်စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာနှင့် ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍ တွေ့ရတတ်သောကျောက်မျိုးဖြစ်သည်။ အထက်ပါရတနာကိုးပါးစီခြယ်အပ်သော လက်စွပ်ကို န၀ရတ်လက်စွပ်ဟုခေါ်သည်။


နဝရတ်ကိုးပါး လက်စွပ် ပြုလုပ်ပုံ

မဏိသျှတ္တရကျမ်း မူအရ နဝရတ်လက်စွပ် ပြုလုပ်ပုံ


ဥတုဘောဇနသင်္ဂဟကျမ်း မူအရ နဝရတ်လက်စွပ် ပြုလုပ်ပုံ


မှတ်ချက်။ ။နဝရတ်လက်စွပ်ပြုလုပ်ရာတွင် မဏိသျှတ္တရ-ရတနာကျမ်း မူအရ အများဆုံး ပြုလုပ်လေ့ရှိပါသည်။


အကျိုးကျေးဇူးများ

ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် န၀ရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်က ရှေးခေတ်များတွင်ကျောက်မျက်များ၌ ထူးခြားသော တန်ခိုးများရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင်ပါသော ကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြသည်ဟု သိရသည်။ ပတ္တမြားသည် မြန်မာနိုင်ငံမှထွက်ရှိ၍ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်းရာဇဝင်များတွင် လေ့လာတွေ့ရှိရသည်။ မြကျောက်သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘတိုးတက်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟုဆိုပါသည်။ ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ်လဲလှယ်ရာတွင် စိန်လက်စွပ်ကိုအသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များထွက်ရှိသည်။ ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကိုရရှိသည်။ လူတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသည်။ ရန်အပေါင်းမှကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဥဿဖယား ကျောက်သည် ကျန်းမာရေးကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘကောင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည်ဟုဆိုသည်။ သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟုဆိုသည်။ ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊နတ်၊ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရယ်ကင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည် ဟုသိရသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာ ပြည့်စုံသည်ဟုယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။


ကိုးကား ဝီကီပီးဒီးယား


Comments


© 2020 by Peter Personal Vlog

Follow

  • Facebook
  • Youtube
  • 6dff9dbcd03edbf11101123a4b10bb43
  • Pinterest
  • X
  • Instagram
  • telegram
bottom of page