မင်းမြောက်တန်ဆာ
- Peter Personal Vlog
- May 24, 2020
- 3 min read

မင်းမြှောက်တန်ဆာဟူသည် မင်းဧကရာဇ်တို့၏ အဆောင်အယောင်ကို ခေါ်သည်။ ရေမြေသေဌ်နင်း ဘုရင်မင်းတို့ ဘိသိက်မင်္ဂလာ အခါ တော်၌ ဆင်ယင်ကိုင်စွဲရသော အဆောင်အယောင် ငါးပါးကို မင်းမြောက်တန်ဆာ ငါးပါးဟု ခေါ်သည်။ ယင်းတို့မှာ-
၁။ သန်လျက်၊
၂။ ထီးဖြူ၊
၃။ မကိုဋ် (သင်းကျစ်)
၄။ ခြေနင်း၊
၅။ သားမြီးယပ် တို့ဖြစ်သည်ဟု မြန်မာအဘိဓာန်ကျမ်း၌ ဖော်ပြထားသည်။
ယင်းတို့သည် ပြည့်ရှင်မင်းတို့၏ ရတနာအပေါင်းတို့ထက် ပြဋ္ဌာန်းသော ရတနာဖြစ်ခြင်းကြောင့် ပဋ္ဌာနရတနာ မည်သည်။ မင်းအပေါင်း တို့သည် ထီးဖြူကို ဆောင်းမိုးလျက် ရင်ခွင်ထက် သားမြီးယပ် ကို ပိုက်၍ နဖူးပြင်ဝယ် တင့်တယ်စွာ သင်းကျစ်ကို ဆင်ယင် ပြီးလျှင် ခြေ၌ ခြေနင်းစီးကာ သန်လျက်စွဲကိုင်၍ အဘိသိက် မင်္ဂလာ ခံယူကြသည်။ ရဟန်းတွင် သိက္ခာ၊ မင်းတွင် ဘိသိက် ဟု ဓညဝတီ အရေးတော်ပုံကျမ်း၌ ဆိုသောကြောင့် မင်းမြောက်တန်ဆာ ငါးပါးတို့ကို ဆင်ယင်သုံးစွဲလျက် သုံးပါး သော ရာဇဘိသိက်ခံသောမင်းကိုသာ မင်းဟုသမုတ်အပ်ကြောင်း ဖြင့် ရာဇဝင်တို့၌ ဆိုသည်။

၁။ သန်လျက်
သန်လျက် ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များ ကိုင်စွဲရသော လက်နက်၊ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားများတွင် အသုံးပြုရသော လက်နက်ဖြစ်သည်။ မင်းမြှောက်တန်ဆာ ငါးပါးတွင် သန်လျက်သည် တစ်ပါး အပါအဝင်ဖြစ်သည်။ မင်းခမ်းတော်များတွင်လည်း သန်လျက်ကို လင်္ကျာမင်းခမ်းတော်အဖြစ် တွေ့ရသည်။ ထို့ကြောင့် `လင်္ကျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက် လျှပ်လျှပ်၊ သားမြီးယပ်နှင့်....´ စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။ သို့သော်လည်း ဘုရင်၏ ခွင့်ပြုချက်ဖြင့် သူရဲကောင်းတို့ ကိုင်စွဲရပုံကို ရာဇဝင် သမိုင်းတွင် တွေ့ရှိရ ပြန်လေသည်။
နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည် ဒုတိယ နရပတိစည်သူ လက်ထက်တော်တွင် သူရဲကောင်း ရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ ငုပ်ပြီးသော် မင်းကြီး၏ ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချုပ်ကိုင်သော မိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။
နရသူမင်းလက်ထက်တွင်လည်း မိမိ၏ သန့်သက်ရေ မဆောင်သောကြောင့် ရွှံရှာသဖြင့် မချဉ်းမကပ်နေသော ခမည်းတော်လက်ထက်က ဆက်လာသည့် ကုလားမင်းသမီးကို အမျက်တော်ရှိကာ သန်လျက်ဖြင့် ခုတ်သတ်ခဲ့၏။ ထိုအကြောင်းကို မင်းသမီး၏ ခမည်းတော် ဝေသာလီပြည်မှ ကုလားမင်းကြီး ကြားသိသော် ကုလားသူရဲကောင်း ရှစ်ယောက်တို့ကို ရွေး၍ ပုဏ္ဏား ယောင်ဆောင်စေကာ ပုဂံသို့ စေလွှတ်သည်။ နန်းတော်သို့ ရောက်လျှင် နရသူမင်းကြီးကို မြေဇာမြက်နှင့် ခရုသင်း ကမ်းဟန်ပြု၍ ပတ်ပတ်လည်ဝိုင်းရံကာ သန်လျက်(ဓားမြှောင်)ကိုယ်စီနှင့် ထိုးခုတ်ကြပြီး မိမိတို့ကိုယ်ကိုလည်း အဆုံးစီရင်ခဲ့ကြပေသည်။
သန်လျက်ကို ထိုးရာ၌၎င်း၊ ခုတ်ရာ၌၎င်း အသုံးပြုသည်။ သန်လျက် လုပ်သောသံသည် အလွန်ကောင်းမွန်ရ၏။ ရှေးက သံကောင်းကို တစ်ဖန် ကြိုးကြာဝမ်းတွင် အကြိမ်ကြိမ်စိမ်ပြီးမှ သန်လျက်ကောင်း၊ ဓားကောင်းလုပ်ရသည်ဟု အဆိုရှိသည်။ ထို့ကြောင့် သန်လျက်သည် ထက်မြက်လွန်း၍ ဆင်ပေါက် လည်တိုင်ကိုပင် ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာ ပြုခဲ့ကြပေသည်။ သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟု ဆိုခဲ့သောကြောင့် သန်လျက်နှင့် ဓားကို ပေါင်းစပ်ကာ "သန်လျက်ဓား"ဟုလည်း သုံးခဲ့ကြသည်။ အသွားနှစ်ဖက်ရှိသော သန်လျက် အစစ်ကိုသာ သန်လျက်ဓားဟု ခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင် သန်လျက်ဓားဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

၂။ ထီးဖြူ
ထီးဖြူသည် မြန်မာလူမျိုးတို့အတွက် မြင့်မြတ်သည့် တော်ဝင်အသုံးအဆောင် ပြယုဂ်တစ်ခုဖြစ်ပေသည်။ ဘာသာရေးအားဖြင့် ဗုဒ္ဓရုပ်ပွားတော်များအား အရိုအသေအလေးအမြတ်ထားသည်ကို ဖွင့်ဆိုသည့်အနေဖြင့် ထီးဖြူအုပ်မိုးလေ့ရှိသည်။ နိုင်ငံရေးအရ အုပ်ချုပ်သူရှင်ဘုရင်က သီးသန့်သုံးစွဲကာ ကြီးကျယ်မြင့်မြတ်မှု၊ အာဏာပိုင်စိုးမှုတို့ကို ပြသသည်။ ထီးဖြူကား ဘုရင်ဧကရာဇ်တို့ စံပယ်ရာ၌ မပြတ်စိုက်တည်ထားသော မင်းမြှောက်တန်ဆာ ငါးပါးတွင် ထီးဖြူသည်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။
ထိုကြောင့် ထီးဖြူအောက်၌၊ တောက်သားမီးနှယ်၊ လျှပ်စစ် နွယ်သို့၊ စလွယ်သင်းကျစ်၊ ဦးရစ်ရွှေပေါင်း၊ နတ်ရုပ်ဆောင်း လျက် ဟု ပညာရှိတို့ စပ်ဆိုကြခြင်းဖြစ်သည်။ အင်းဝမင်း နရပတိကို အမှတ်မဲ့ လုပ်ကြံသည်တွင် ထီးရိုးကို ဓားချက်ကျ၍ မင်းနရပတိကို ထီးဖြူအုပ်မိသည်။ ငသောကြာနှင့် ရေနံ့သာစား တို့ ထွေးလုံးကြသည် ဆိုသည့်စကားကို ထောက်၍လည်း မင်းတို့သည် ထီးဖြူအောက်၌ မပြတ်စံပယ်ကြောင်း သိရသည်။ ထီးဖြူ ၄ ပါး အပြားရှိသည်။ ထီးရွက်ကိုးဆင့်၊ ထီးရိုး ဆယ်တောင်ရှိသော နဝဒဏ္ဍထီး၊ ထီးရွက် အမှတ်မရှိ၊ ထီးရိုး ၆ တောင်ရှိသော မနောဟရထီး၊ ထီးရွက် အမှတ်မရှိ၊ ထီးရိုး ၅ တောင်ရှိသော အာတပတ္တထီး၊ ထီးရွက် အမှတ်မရှိ၊ ထီးရိုး ၄ တောင် ရှိသော ဗီဇယတြထီး ဟူ၍ ဖြစ်သည်။ ထိုထီး ၄ မျိုးတွင် ပထမ ၃ မျိုးသည် ရာဇပလ္လင်တွင်ဆောင်းသော ထီး ဖြစ်၍ နောက်ဆုံးထီးမျိုးသည် သွားလေရာရာဆောင်းသော ထီး ဖြစ်သည်။ ထီးကို စီရင်ရာ၌ ထီးရိုးကို ရွှေဖြင့် အလုံးစုံမွမ်းမံ ပြုလုပ်ရ၏။ ထီးခရိုင်ကို ၃ လွန်းတင်၊ ၆ လွန်းတင်၊ ၉ လွန်းတင် ကျစ်အပ်သောကြိုးဖြင့် ဖွဲ့ရသည်။ ထီးချက်ပမာဏ ကိုကား ၁၂၈ လက်သစ်ပမာဏ အထူးကို ပြုစီရင်ရသည်။ ထီးထွတ် ငှက်မြတ်နား၌မူ မင်းတို့၏ ချမ်းသာကို ဆောင်တတ် သော ဟင်္သာငှက်ရုပ်ကိုဖြစ်စေ၊ နွားမြီးဆွဲရုပ်ကိုဖြစ်စေ၊ ကျေး ငှက်ရုပ်ကိုဖြစ်စေ တစ်ခုခုကို စီရင် တပ်ဆင်ရသည်။ ထီး၏ အချင်းသည် ၅ တောင်တစ်မိုက်ဖြစ်သည်။ နဝဒဏ္ဍထီးမှာမူ အဆင့် ၉ ဆင့်ရှိသဖြင့် အောက်ဆင့်ကို အချင်း ၅ တောင် တစ်မိုက်ထား၍ ထက်ဝန်းကျင်၌ ရွှေညောင်ရွက် ၁ဝ၈ ခုကို လည်းကောင်း၊ ရွှေညောင်ရွက်တို့၏အကြား၌ မြ၊ ပတ္တမြား၊ သန္တာစသော ပန်းပွားတို့ကိုလည်းကောင်း စီရင်ချိတ်ဆွဲရသည်။ ကြွင်းသော ထီး ၃ မျိုး၌မူ အရေအတွက် ကန့်သတ်ချက်မရှိ၊ လျောက်ပတ်တင့်တယ်အောင်လုပ်ဆောင်ရသည်။ လောကဗျူဟာ ကျမ်း၌ ထီး ၄ စင်း ဟူသည်မှာ ကနက္ကဒဏ်ထီး ၂ စင်း၊ တမွတ်ထီး ၂ စင်း၊ ပေါင်း ၄ စင်းဟုဆိုသည်။ ဒိသာဇေယ
စာတမ်း၌မူ ကမ္ဗုထီး၊ စန္ဒထီး၊ ပဒုမထီး၊ သမုဒ္ဒဇာထီး ဟူ၍ လက်ယာ ၄ စင်း၊ ကနကဒဏ်ထီး၊ သူရိယထီး၊ ဝိသုကမ္မထီး၊ သမုက္ခထီးဟူ၍ လက်ဝဲ ၄ စင်း၊ ပေါင်း ၈ စင်းရှိကြောင်းဖြင့် ဆိုပြန်သည်။ ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတရား ကြီး ဘိသေကစာတမ်းတွင် ထီးဖြူတော်ကိုမင်းတရား ကြီး လက်တော်နှင့် အချင်း ၄ တောင် ၆ သစ်၊ အချင်းအဝန်း မုတ်ပေါင်း ၄၉ ခု၊ ယင်းကို ၈ ခုစား တစ်ခုကြွင်းရကား နေခြည်ကာသော ထီးဟူ၍ အကြောင်းကြံလျက် စွန်သုတ်နား ထောင့် ၁၂ ပေါက်၊ ထီးတံ ၃၆ ခု၊ ကြာယပ် ၃ ဆင့်၊ ညောင်ရွက် ၁ဝ၈ ခု၊ ပုလဲဆိုင်း သန္တာဆိုင်း ၁ဝ၈ သွယ်၊ ထီးချက်အချင်း တစ်တောင်၊ စောက် တစ်တောင်တစ်မိုက်၊ ထီးရိုးထီးဝန်းနှင့်အမျှ လုပ်ကြောင်းဆိုသည်။

၃။ မကိုဋ် (သင်းကျစ်)
သင်းကျစ်ဟူသည်ကား လက်ယာနားပန်မှ လက်ဝဲ နားပန်တိုင်အောင် နဖူးပြင်ကို ပြည့်စေလျက် ဆင်ယင်ရသော မင်းတို့၏အဆောင်အယောင် မင်းမြှောက်တန်ဆာတစ်ပါး ဖြစ်သည်။ ရွှေစင်အတိ ပြီးသောဟူ၏။ ဘုရားအလောင်းတို့အား လက်ယာနားပန် တိုင်အောင် နဖူးပြင်ကိုပြည့်စေလျက် အသားလွှာတက်သော ဥဏှီသလက္ခဏာကို အတုမူ၍ မင်းတို့အား ရွှေပြားသင်းကျစ် ထုံးစံဖြစ်ကြောင်းကို သုမင်္ဂလဝိလာသနီ မည်သော ဒီဃ နိကာယ် အဋ္ဌကထာ စသော ကျမ်းများ၌ ဆိုသည်။ သင်းကျစ် ၂ မျိုးရှိလေသည်။ မကိုဋ်ရွှေပန်းနှင့် တစပ်တည်းပြုလုပ်အပ် သော မကုဋာဗဒ္ဓိက သင်းကျစ်၊ မကိုဋ်ရွှေပန်းနှင့် မစပ် သက်သက်ပြုလုပ်အပ်သော သုဒ္ဓိက သင်းကျစ်ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် နဖူးသင်းကျစ်၊ ဘွဲ့သင်းကျစ်ဟူ၍ရှိကြောင်း ဖြင့်လည်း ဆိုကြသည်။ နဖူးသင်းကျစ်ကို ရည်၍ သက်တင်စို့ လား၊ နဖူးဖျားဝယ်၊ ရွှေသားသင်းကျစ်၊ ရွှေမွန်ဇာစ်ဖြင့်၊ လျှပ်စစ်ပြောင်ပြောင်၊ ညဉ့်မိုက်မှောင်၌၊ တိမ်တောင်လင်းလင်း၊ ဝင်းဘိသောနှယ်၊ ရွှန်းရွှန်းကယ်မျှ ဟူ၍လည်းကောင်း၊ ဘွဲ့ သင်းကျစ်ကို ရည်၍ စတုမဟာရာဇ်၊ သင်းကျစ် နွဲ့နွဲ့၊ ရွှေဘွဲ့ ရေးရေး၊ အမည်ပေးသား၊ ကျော်သွေးနှံ့ချောက်၊ နတ် လေးယောက် ဟူ၍လည်းကောင်း ပညာရှိတို့ စပ်ဆိုခဲ့ကြ သည်။
၄။ ခြေနင်း
ခြေနင်းဟူသည်ကား ခြေဦးစွပ် ခြေနှောင့်စွပ်ရှိသော စီးနင်းသုံးဆောင်အပ်သည့် မင်းတို့ အဆောင်အယောင်တစ်ပါး ဖြစ်သည်။ မင်းမြှောက်တန်ဆာ ငါးပါးအနက် မင်း၏ မကွေ မကွာ မပြတ်သုံးဆောင်အပ်သော ဘဏ္ဍာဖြစ်သောကြောင့် မင်း၏ ကိုယ်အစိတ်အဝက်နှင့် တူသည်။ ထိုကြောင့် မန္ဓာတု ဇာတ်၌ သားတော်ကြီး ရတနာသည် ခမည်းတော် မန္ဓာတ်မင်း တာဝတိံသာနတ်ပြည်၌စံနေတော်မူစဉ် ခမည်းတော် မန္ဓာတ်မင်း ခြေနင်းကို ရာဇပလ္လင်၌တင်ထားပြီး ခမည်းတော်အရာ၌ တည် စေ၍ တိုင်းပြည်မြေပြင်အလုံးကို ဆုံးမကြောင်း၊ ရာမဇာတ်၌ လည်း ရာမမင်း တောအရပ်မှ မပြန်လည်မီ ရာမမင်း၏ခြေနင်း ကို ရာဇပလ္လင်၌ တင်ထားပြီးလျှင် မင်း၏အရာ တည်စေ၍ တိုင်းပြည်အလုံးကို ဆုံးမကြောင်း ဆိုသည်။ သုတ္တနိပါတ် အဋ္ဌကထာ၌ ဗုဒ္ဓမတညု ဆရာတို့ မိန့်ဆိုတော်မူသည်နှင့် အညီ မုဒ္ဓါဘိသိက် ခံယူကုန်ပြီးသော ရေမြေသေဌ်နင်း ပြည့်ရှင်မင်း တို့သည် တရားဆုံးဖြတ်ရာ ရွှေလွှတ်တော်သဘင်၌ အကြောင်း မညီညွတ်၍ မတက်ရောက်နိုင်သောအခါ တရားကျမ်းဂန် ထုံးစံ ကို မပျက်စေမူ၍ ရွှေခြေနင်းကို ရာဇပလ္လင်၌ ထားသင့်သည်ဟု ဆိုသည်။

၅။ သားမြီးယပ်
သားမြီးယပ်ဟူသည်ကား စာမရီမည်သော သားကောင် ၏ အမြီးကို ပတ္ဂမြားဖြင့်စီအပ်သော ရွှေရိုး၊ သို့မဟုတ် ရွှေစင် တစ်ခဲနက် ခုတ်လုပ်အပ်သော အရိုးဖြင့်တပ်၍ ယပ်ကဲ့သို့ မင်းတို့ ကိုင်စွဲသုံးဆောင်သည့် မင်းအဆောင်အယောင် မင်းမြှောက်တန်ဆာ တစ်ပါး ဖြစ်သည်။ သာမန်သားကောင်၏ အမြီးဖြင့်လည်း ပြုလုပ်လေ့ ရှိကြောင်းဖြင့် ဇာတ်နိပါတ်တို့၌ ဆိုသည်။ သို့ရာတွင် စာမရီ သားမြီးသည် မင်းဖွယ် စိုးထိုက် တင့်တယ်လျောက်ပတ်သဖြင့် ယင်းဖြင့်သာ လုပ်ဆောင်ကြလေသည်။
Comments