top of page

ရှင်ပြု နားသ, ရဟန်းခံ အလှူတော်မင်္ဂလာ

  • Writer: Peter Personal Vlog
    Peter Personal Vlog
  • Feb 25
  • 4 min read
(ပုံ) ရှင်လောင်းလှည့်ပွဲ
(ပုံ) ရှင်လောင်းလှည့်ပွဲ

ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ''ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော (ရဟန်းဘ၀ ရဖို့ မလွယ်) ''ဟု ဘုရားဟောရှိသည့်အတိုင်း သား, သမီးများအား ရှင်ပြု, နားသ အလှူကြီး ပေးလှူကြလေ့ရှိသည်။


ရှင်ပြုပွဲ သမိုင်းအစ


မြတ်စွာဘုရားဖြစ်ပြီး တစ်နှစ်မြောက်သည့်အချိန် သားတော်ရာဟုလာ တောင်းသော အမွေအဖြစ် သာသနာ့အမွေပေးကာ ရှင်သာရိပုတ္တရာ အား ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။ ရှင်သာရိပုတ္တရာ မှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်သည့်အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရား ခွင့်ပြုတော်မူတယ်" ဟု မိန့်တော်မူပါသည်။


ရှင်ပြုနိုင်သည့် အရွယ်


အသက် (၁၅) နှစ် ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ဝိနည်းမဟာဝါ ပါဠိတော်တွင် ပါရှိသည်။ သို့ရာတွင် မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့ လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ် မပြည့်သေးသော်လည်း မိမိရှေ့တွင် ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော် မူခဲ့ပါတယ်။


မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေစဉ်ကာလတွင် အမျိုးသားတစ်ဦး၏ အိမ်တွင် ရောဂါနှိပ်စက်ဖျက်ဆီးလေ၏၊ ထိုအခါ သားငယ်နှင့် ဖခင်တို့သည် သာသနာ့ဘောင်သို့ ဝင်ကာ ရဟန်းခံ၊ ရှင်ပြုကြသညဆွမ်းခံသွားလာရာတွင် သားဖြစ်သူကိုရင်က ဆွမ်းလောင်းပြီးသောအခါ "ဖခင် ကျွန်ုပ်အားလည်း ပေးပါဦး" ဟုတောင်းလေ့ရှိသည်။ ထိုအခါ ဘိက္ခုနီမနှင့် ရသော ကလေးဖြစ်ဟန်ရှိသည်ဟု လူတို့က ကဲ့ရဲ့ကြလေသည်။ ထို့ကြောင့် တစ်ဆယ့်ငါးနှစ်ပြည့်မှ ရှင်ပြုပေးရမည်ဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့သည်။


အခါတစ်ပါးတွင် အရှင်အာနန္ဒာ၏ အလုပ်အကျွေးဒါယကာတစ်ဦး တစ်အိမ်ပျက်စီးရာ သားနှစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။ ရှေးအလေ့အားဖြင့် ရဟန်းတွေ့သော အခါ ပြေးလာကြသည်။ ထိုအခါ ရဟန်းတို့က မောင်းမဲသောကြောင့် ကလေးနှစ်ဦးသည် ငိုယိုလေသည်။ ရှင်အာနန္ဒာတွေ့လျှင် ကလေးနှစ်ဦးအား ရှင်ပြုပေးချင်သော်လည်း တစ်ဆယ့်ငါးနှစ်မပြည့်ဘဲ ဖြစ်နေလေသည်။ မြတ်စွာဘုရားထံ လျှောက်ထားတောင်းပန်သောအခါ "ချစ်သား အာနန္ဒာ − ထိုသူငယ်ကလေးတို့သည် မိမိစားသောခွက်၌ ကျီးလာနှိုက်ပါက ပျံသွားအောင် မောင်းနိုင်ပါလော" ဟု မိန့်တော်မူ၏။ ထိုအခါ အာနန္ဒာက "မောင်းနိုင်သည် ဘုရား" ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်ငြားလည်း ကျီးမောင်းနိုင်သော သူငယ်တို့ကို ရှင်သာမဏေ ပြုပေးရန် ခွင့်ပြုတော်မူခဲ့သည်။


ထိုသို့ ခွင့်ပြုတော်မူခဲ့သည့် အချိန်မှစကာ ခုနှစ်နှစ်သား ရဟန္တာများဖြစ်သော ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်သောပါက အစရှိသည့် သာမဏေများ၊ အပဒါန် ပါဠိတော်လာ ငါးနှစ်သား ရဟန္တာများ ပေါ်ထွက်လာခဲ့သည်။


ရည်ရွယ်ချက်


၁။ အလုံးစုံသောသံသရာ ဝဋ်ဆင်းရဲတွင်းမှ လွတ်မြောက်လိုခြင်း။

၂။ သာသနာ့အမွေခံ သာသနာ့ဒါယကာဖြစ်လိုခြင်း။

၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသောပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။

၄။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း။


မြန်မာနိုင်ငံ နှင့် ရှင်ပြုခြင်း

(ပုံ) မောင်ရှင်လောင်း
(ပုံ) မောင်ရှင်လောင်း

မြန်မာနိုင်ငံ တွင် ရှင်ပြုပွဲများကို ပွင့်လင်းရာသီ၊ အထူးသဖြင့် ကျောင်း ရက်ရှည် ပိတ်သည့် နွေရာသီများ တွင် ကျင်းပ ပြုလုပ်ကြလေ့ ရှိပါသည်။ အလှူ့ရှင် တို့သည် မိမိတတို့၏ သား ယောက်ျားလေးများကို ရှင်သာမဏေ ပြုပေးခြင်း၊ သမီးများကို နား ပေါက် ဖောက်ပေးသည့် နားထွင်း မင်္ဂလာ ကျင်းပ ပေးခြင်း စသည်ဖြင့် ပြုလုပ်ပေးကြသော ဓလေ့ ဖြစ်ပါသည်။


ဘုရားရှင် လက်ထက် အဓိက လိုရင်းဖြစ်သော ဆံချ သင်္ကန်းဝတ် သာမဏေ ပြု ပေးရုံမျှသာ ဖြစ်သော ရှင်ပြုအလှူပွဲမျိုးကို အလှူလေး သို့မဟုတ် အစိမ်းလှူခြင်းဟု ခေါ်ကြသည်။ အစိမ်းလှူ များကို တရက်တည်း အပြီး လုပ်ကြသည်။


ငွေကြေးချမ်းသာ တတ်စွမ်းနိုင်သူတို့က အလှူမဏ္ဍပ်ထိုး ချဲ့ထွင် အကျယ်ချဲ့ ပြုလုပ်သည့် ပုံစံ မျိုးကို အလှူကြီး သို့မဟုတ် အကျက်လှူ ဟု ခေါ် ကြသည်။ အကျက်လှူများကို အလှူဝင် နေ့၊ အလှူကြီးနေ့ ဟု နှစ်ရက်ခွဲ ကျင်းပကြသည်။ အလှူဝင် နေ့တွင် အစား အသောက် ဖြင့် ဧည့်ခံခြင်း၊ ရပ်ဝေးမှ လာသော ဧည့်သည်များကို ဧည့်ခံကြိုဆို နေရာချထားခြင်း၊ ညပိုင်း ဆိုင်း အငြိမ့် တို့နှင့် ဧည့်ခံဖျော် ဖြေခြင်းများ ပြုလုပ်ကြသည်။ အလှူကြီးနေ့ မနက်ပိုင်းတွင် နံနက်ပိုင်း အလှူလှည့်ခြင်း၊ ‌ နေ့လယ် ဘိသိတ်ခံခြင်း၊ ညနေ ဆံချ သာမဏေပြုခြင်း နှင့် တရားနာခြင်း တို့ ဆောင်ရွက်လေ့ရှိကြသည်။




အလှူလှည့်သည့် ဓလေ့


ဘုရားရှင်လက်ထက် သာဝတ္ထိမြို့သား ပဏ္ဍိတနဲ့ သုခမင်းသား တို့မှ စတင်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင် တွေ့ရသည်။ ဘုရားရှင်လက်ထက်မှာပင် ရာဇဂြိုဟ်မြို့ ဓမ္မဒိန္နာ ဘိက္ခုနီပြုပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ဖူးပြီး ဓမ္မဒိန္နာကို ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းသို့ပို့ဆောင်ခဲ့ကာ ဗိမ္ဗိသာရမင်းကြီးကပါ မြို့တော်တစ်ခုလုံးကို တန်ဆာဆင်ပေးခဲ့ကြောင်း ရှင်လောင်းလှည့်ပွဲကြီးမှာ လူထုလူတန်းစားအသီးသီးက ပန်းနံ့သာများ စွဲကိုင်လျက်လိုက်ပါရကြောင်း တွေ့ရသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းနှစ်ရာကျော် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင်လည်း ဘုရင့်ညီတော် တိဿမင်းသား ရှင်ပြုပွဲ နှင့် ရှင်လောင်းလှည့် ကို ခန်းနားကြီးကျယ်စွာ ကျင်းပခဲ့ဖူးသည်။ နန်းတော် မှ အသောကာရုံကျောင်းတိုက်သို့ သွားရာ လမ်းကိုအမျိုးမျိုးတန်ဆာဆင်ပြီး တိဿမင်းသားကို နှစ်သက်ဖွယ် ပွဲလမ်းသဘင်ဝင်အဝတ် အစားများ ဝတ်စားဆင်ယဉ်စေကာ စစ်အင်္ဂါလေးပါး ခြံရံ လျှက် အသောကာရုံကျောင်းတိုက်ကို ပို့ဆောင်ကြပြီး ရှင်ပြုပေးခဲ့ကြသည်။


ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်

ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုက်၍ လှူဒါန်းခြင်း ဖြစ်သည်။ မိမိတို့၏ ငွေအင်အားထက် ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင်းဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့်လှည့်လည်ခြင်း၊ လူအမြောက်အမြား ဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ် ဆောက်၍ ဆိုင်းဝိုင်း၊ အဆိုတော် တို့ဖြင့် ဧည့်ခံခြင်း၊ အသံချဲ့စက် ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓာနအလှူထက် ပကာသနအမှုတို့ဖြင့် ငွေသုံးဖြုန်းခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင် လုပ်မည်ဟု အားခဲကာ လုပ်ဆောင်နေကြ၏။ အချို့လယ်သမားတို့က လှည်းကိုရောင်း၊ နွားကိုရောင်း၊ လယ်ကို ပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေးတင်ကျွန်ဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။


“ရှင်ပြုခြင်းက ပဓာန၊ လှူဒါန်းခြင်းက သာမည” ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။ သင်္ကန်းပရိက္ခရာ ဝယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှု ဖြစ်သည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုသာလျှင် ပဓာနလိုအပ်သည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာအဟောင်းများကို ရယူနိုင်သည်။ မြတ်စွာဘုရားသည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူအတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမေဏဝတ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စ ပြီးစီးသွားပေတော့သည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု အလှူမင်္ဂလာပြုပြင်ရေး” အကြောင်းကို ဤသို့ ရေးသားထား၏။


ရှင်သာမဏေပြုခြင်း အဓိက လုပ်ငန်းကြီး (၃) ရပ်


(ပုံ-၁) ဆံချနေသည့် ရှင်လောင်းနှင့် မိသားစု
(ပုံ-၁) ဆံချနေသည့် ရှင်လောင်းနှင့် မိသားစု

၁။ ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း


မောင်ရှင်လောင်း ဦးခေါင်းမှ ဆံပင်ကိုရိတ်သည့်အခါ အိမ်မှာကတည်းက ရိတ်လို့ ရသည်။ သို့ရာတွင် ကျောင်းတွင်ရိတ်ပါက ကျောင်းတိုက်တွင်းရှိ သံဃာတော်များကို ဆံရိတ်မည့်အကြောင်း ခွင့်ပန်ကြားပြီးမှ ရိတ်ရမည်ဟု ရွှေပန်းတိမ်သည်သားအား အကြောင်းပြု၍ ဘုရားရှင်မှ ဝိနည်းနှင့် ပညတ်တော်မူခဲ့သည်။


(ပုံ-၂) ရှင်သာမဏေလောင်းများ ဆရာထံသို့ သင်္ကန်းအပ်ခြင်းနှင့် သင်္ကန်းတောင်းခြင်း
(ပုံ-၂) ရှင်သာမဏေလောင်းများ ဆရာထံသို့ သင်္ကန်းအပ်ခြင်းနှင့် သင်္ကန်းတောင်းခြင်း


၂။ သင်္ကန်းဆီးခြင်း


သင်္ကန်းဆီးခြင်း၊ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း ဟုလုပ်ငန်းသုံးခု ရှိသည်။ ပါဠိနှင့်စိမ်းနေလျှင် မြန်မာဘာသာနှင့် ရွတ်ဆိုခြင်း၊ အာရုံပြုခြင်းတို့ဖြင့် လျှောက်ထားနိုင်သည်။ ရှင်လောင်းမှ ဥပဇ္ဈယ် ဆရာဘုန်းကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး မိမိဝတ်မည့်သင်္ကန်းကို လက်အုပ်ချီပြီး သင်္ကန်းကပ်ရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်အား သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုလုပ်ပေးတော်မူပါ ဘုရား" ဟုဆိုပြီး သင်္ကန်းကို ဆရာလက်အပ်ရသည်။

သင်္ကန်းတောင်းရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ အရှင်ဘုရား၏ လက်၌ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါဘုရား" ဟုဆိုရပါမည်။

သင်္ကန်းဝတ်ရာတွင် ဆရာဘုန်းတော်ကြီး ကိုယ်တိုင်ကဖြစ်စေ၊ ဘုန်းတော်ကြီးမှ စေခိုင်းခံရသူကဖြစ်စေ မောင်ရှင်လောင်းအား သင်္ကန်းဝတ်ပေးနိုင်သည်။ မောင်ရှင်လောင်းကိုယ်တိုင်လည်း ဝတ်လို့ရသည်။


(ပုံ-၃) ရှင်သာမဏေ အဖြစ်ရောက်ခြင်း
(ပုံ-၃) ရှင်သာမဏေ အဖြစ်ရောက်ခြင်း

၃။ သရဏဂုံဆောက်တည်ခြင်း


သရဏဂုံဆောက်တည်ခြင်းသည် ရှင်ပြုမင်္ဂလာတစ်ခုလုံး၏ ပဓာနအကျဆုံးဖြစ်သည်။ သရဏဂုံသည် ဗုဒ္ဓသာသနာတော်၏ ပန္နက်လည်းဖြစ်သည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုအပ်သော သရဏဂုံ (၃) ပါးကို ဥပဇ္ဈာယ်ဆရာရဟန်း နှင့် တပည့်မောင်ရှင်လောင်းတို့သည် ဌာန်ကရိုဏ်းကျကျ ပီပီသသဖြင့် ရွတ်ဆိုပြီးဆုံးသွားလျှင် ရှင်သာမဏေ (ဥပဇ္ဈာယ်ဆရာရဟန်း၏ သား) စစ်စစ် ဖြစ်သွားသည်။


ရှင်ပြုမင်္ဂလာ ဆင်နွှဲသည့်အခါတွင် (၁) ရှင်သာမဏေစစ်စစ်ဖြစ်ရန် ၊ (၂) ရှင်သာမဏေ စစ်စစ်ဖြစ်ပြီးလျှင်လည်း ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ-၇၅ပါး၊ ခန္ဓကဝတ် (၁၄) ပါးစသော ရှင်ကျင့်ဝတ်ကို သိရှိလိုက်နာရွတ်ဆိုနိုင်ရန် မောင်ရှင်လောင်းအား ဘုန်းတော်ကြီးကျောင်းသို့ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်ပို့ကာ သင်ကြားကြသည်။


ရဟန်းဖြစ်ဖို့ အရည်အချင်း


ရဟန်းလောင်းသည် ယောက်ျား ဖြစ်ရခြင်း၊ အသက် ၂၀-ပြည့်ရခြင်း၊ တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊ ပဥ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။


ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။


သာမဏေရ ပဗ္ဗဇ္ဇ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပာယ်ရသည်။


(ပုံ) သိမ်ဆင်းပုံ
(ပုံ) သိမ်ဆင်းပုံ

ရဟန်းတပါး ဖြစ်မြောက်ရန် ဥတ္တိစတုတ္ထကံကို နည်းလမ်းတကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန်-

၁။ ဝတ္ထု = ရဟန်းလောင်း။

၂။ ဉတ္တိ = ဉတ်။ ( ကမ္မဝါစာ နိဒါန်း )

၃။ သီမာ = သိမ်။

၄။ အနုဿာဝန = ကမ္မဝါစာ။

၅။ ပရိသာ = ပရိသတ်။ ( ကံဆောင်သံဃာ )


( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိသာ၊ ငါးဖြာ သမ္ပတ္တိ ။) ဟူသော အင်္ဂါငါးပါး ညီညွတ်ပြည့်စုံဖို့ လိုအပ်သည်။


ထိုငါးပါး ညီညွတ်ပြည့်စုံမှ ဥတ္တိစတုတ္ထကံ အောင်မြင်၍ ရဟန်းဖြစ်နိုင်၏။ ထို့ကြောင့် ( သိက္ခာတင် ပဥ္စင်္ဂ ) ဟု ဆိုကြသည်။ သိက္ခာတင်-( ရဟန်းခံ) ရာ၌ အင်္ဂါငါးပါး ရှိ၏ဟု ဆိုလိုသည်။


သိက္ခာချခြင်း (သို့) လူဝတ်လဲခြင်း


သိက္ခာချခြင်းဆိုသည်မှာ မိမိသည် ရဟန်းသီလကို ကျင့်သုံးနိုင်ခြင်းမရှိတော့ပါ ကြောင်း ဖွင့်ဟပြောကြားခြင်းပင် ဖြစ်သည်၊ သိက္ခာချပြီးနောက်ပါရာဇိကအမှုများကို ကျူးလွန်ပါက ရဟန်းမဟုတ်တော့ပြီဖြစ်၍ ပါရာဇိကအာပတ်မသင့်တော့ပါ၊ ပါရာဇိကကျ ပြီးသော ရဟန်းမှာလည်း သီလသိက္ခာမရှိတော့ပြီဖြစ်၍ သိက္ခာချရန် မလိုတော့ပါ၊ သိက္ခာ ချရာ အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံရမည်။


၁။ အမှန်တကယ် ရဟန်းအဖြစ်ဖြင့် မနေလိုခြင်း(သိက္ခာချလိုစိတ်ရှိခြင်း )

၂။ သတ်မှတ်ထားသည့် သိက္ခာချ စကားလုံး မှန်ကန်ခြင်း၊

၃။ ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုခြင်း၊

၄။ နှုတ်ဖြင့် ပီသစွာဆိုခြင်း၊ (လက်ဟန်ပြခြင်း၊ စာရေးခြင်းဖြင့် သိက္ခာချ လျှင် သိက္ခာမကျချေ၊)

၅။ ထိုပြောဆိုသောစကားကို နားထောင်သူ (သိက္ခာချပေးသူ) မှာ လူသား စင်စစ်ဖြစ်ခြင်း၊

၆။ နားထောင်သူက ချက်ချင်း နားလည်ခြင်း။


သတ်မှတ်ထားသော သိက္ခာချ စကားလုံး ၂၆-လုံး တို့အနက် တစ်လုံးလုံးကို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မိမိနားလည်ရာအခြားဘာသာ စကားဖြင့်ဖြစ်စေ ရွတ်ဆိုခွင့်ရှိသည်။ ဘုရားကို စွန့်ခဲ့ပြီဟု အတိတ်ကာလဖြင့် လည်းကောင်း၊ ဘုရားကို စွန့်တော့မည်ဟု အနာဂတ်ကာလဖြင့် လည်းကောင်း ပြောဆိုလျှင် သိက္ခာမကျချေ၊ စွန့်ပါ၏ဟု ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုမှသာ သိက္ခာကျသည်။ သိက္ခာချရာ ယောက်ျား မိန်းမ မည်သူ့ထံ မဆိုသိက္ခာချနိုင်၏။ နားထောင်သူ အနေဖြင့် ဤရဟန်းသည် သိက္ခာ ချသည်ဟု ချက်ချင်းနားလည်ရမည်။


ထို့ကြောင့် ဝိနည်း နားလည်သူအထံ တွင်သာသိက္ခာချသင့်၏။ ဝိနည်းနားမလည်သူထံ သိက္ခာချလိုပါက သိက္ခာချခြင်း၏ အဓိပ္ပာယ်ကို ကြိုတင်ရှင်းလင်း ပြောပြပြီး နောက်မှသာ သိက္ခာချသင့်သည်။ ဤခေတ် ဒုလ္လဘရဟန်းခံသူတို့သည် သိက္ခာကျအောင် သိက္ခာချဖို့ အရေးကြီး၏။ သိက္ခာမကျဘဲ လူဝတ်လဲ၍ မိမိအိမ်ပြန်လာပါက သင်္ကန်းဝတ်စဉ်က ပါရာဇိကမကျဘဲ ပုဆိုးဝတ်ပြီးမှ ပါရာဇိကကျမည်ကို သတိပြုသင့်ကြသည်။

Comentários


© 2020 by Peter Personal Vlog

Follow

  • Facebook
  • Youtube
  • 6dff9dbcd03edbf11101123a4b10bb43
  • Pinterest
  • X
  • Instagram
  • telegram
bottom of page