top of page

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်

  • Writer: Peter Personal Vlog
    Peter Personal Vlog
  • May 24, 2020
  • 4 min read

Updated: May 25, 2020

ဘွဲ့တံဆိပ်ဟူသည် အလှူကိုခံယူထိုက်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ အမှတ်အသားအဆောင်အယောင်များ ဖြစ်သည်။ ဘွဲ့တံဆိပ်ကို အလှူခံရသော ပုဂ္ဂိုလ်များသည် အကျင့်အာစာရ ရှိခြင်းဟူသော သီလဂုဏ်၊ ဖြောင့်မတ်တည်ကြည်ခြင်းဟူသော သမာဓိဂုဏ်၊ လုပ်ရည်ကိုင်ရည် အစွမ်းသတ္တိရှိခြင်းဟူသော ပညာဂုဏ်တို့ဖြင့် လွှမ်းထုံကျော်စောတော်မူသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့သာလျှင် အလှူကို ခံယူထိုက်သည်။ ကျမ်းဂန်များတွင် လှူဒါန်းပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ဥပါယ်လေးမျိုးပြရာ၌ ဒါနဥပါယ်၊ သင်္ဂဟတရားလေးပါးပြရာ၌ ဒါနသင်္ဂဟ၊ ရာဇဓမ်တရားဆယ်ပါးပြရာတွင်လည်း ဒါနရာဇဓမ်၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတို့ကို ဖော်ပြရာတွင်လည်း ဒါနမင်္ဂလာနှင့် ပူဇမင်္ဂလာတို့အဖြစ် ဖော်ပြထားပေသည်။

ထိုဥပါယ်လေးပါး၊ သင်္ဂဟတရားလေးပါး၊ ရာဇဓမ်တရားဆယ်ပါး၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတို့သည် ရှေးမင်းကောင်းမင်းမြတ်တို့ ကောင်းမွန်စွာအားထုတ်အပ်၊ ကျင့်သုံးအပ်သော အချက်များဖြစ်လေသည်။ မင်းဟူ၍ သမုတ်ခြင်းခံယူကြသော သာသနာ့ဒါယကာ မဟာဓမ္မရာဇ် မင်းကောင်းမင်းမြတ်တို့သည် ဘွဲ့တံဆိပ်အဆောင် အယောင် ပေးအပ်ချီးမြှောက်ခြင်း၊ ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ကြရာ၌ ဗုဒ္ဓသာသနာတော် အရောင်အဝါ ထွန်းလင်းမတောက်ပမီအခါက လူပုဂ္ဂိုလ်တို့အားသာလျှင် ပေးအပ်ချီးမြှောက်ခဲ့ကြသည်ဟု သိရသည်။



သမိုင်းကြောင်း

ဗုဒ္ဓဟူ၍ အထင်အရှားပွင့်တော်မူပြီးနောက် ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းတောက်ပတော်မူသော အခါတွင်မူကား ဗုဒ္ဓကိုယ်တော်တိုင်ကပင် ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်တို့အား ဧတဒဂ်ဘွဲ့ထူးများကို ပေးအပ်ချီးမြှောက်တော်မူခဲ့သည်။ ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့်နောက် မဇ္ဈိမဒေသစသော ဗုဒ္ဓသာသနာတော်ထွန်းကားရာ နိုင်ငံအသီးသီး၌ ဗုဒ္ဓကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး ပေးအပ်ချီးမြှောက်ခဲ့သော ထုံးတမ်းစဉ်လာကို လိုက်နာသောအားဖြင့် သာသနာ့ဒါယကာ မဟာဓမ္မရာဇ် မင်းကောင်းမင်းမြတ်တို့သည် ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်အဆောင် အယောင်တို့ကို ထိုက်သည့်အားလျှော်စွာ ဆက်ကပ်လှူဒါန်း ပူဇော်ခြင်း၊ ပေးအပ်ချီးမြှောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံအထက်ပိုင်း ပုဂံပြည် ကျန်စစ်သားမင်း လက်ထက်တွင် သံဃသေနမဟာထေရ်အား သံဃသေနဝရ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အလောင်းစည်သူမင်းလက်ထက် ဓာတွတ္ထသာရကျမ်းပြု မဟာထေရ်အား မဟာအဂ္ဂပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ နရပတိစည်သူမင်းလက်ထက် လောကုပ္ပတ္တိ ပကာသနီကျမ်းပြုမဟာထေရ်အား အဂ္ဂပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ကျစွာမင်းလက်ထက် သဒ္ဒနီတိကျမ်းပြု ဆရာတော်အား အဂ္ဂဝံသအဂ္ဂပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ နရသီဟပတေ့မင်း လက်ထက် နိရုတ္တိနယပါရဂူ ဖြစ်သောမဟာထေရ်အား ဒိသာ ပါမောက္ခ ဘွဲ့တံဆိပ်တော်တို့ကို လှူဒါန်းပူဇော်ခဲ့ဖူးသောထုံး ရှိလေသည်။


မြန်မာနိုင်ငံအောက်ပိုင်း ဟံသာဝတီပြည်၊ ရာမာဓိပတိ ဘွဲ့ခံ ဓမ္မစေတီမင်းလက်ထက်၌ ကလျာဏီသိမ်တွင် ရဟန်းပေါင်း ၁၅ဝဝဝ ကျော်တို့ကို ဥပဇ္ဈာယ်ဆရာပြု၍ ရဟန်းပြု ပေးသော သုဝဏ္ဏသောမထေရ်ကြီးအား ကလျာဏီတိဿ ဘွဲ့ တံဆိပ်တော်၊ ဒလမြို့ အရှင်သာရိပုတြာမထေရ်အား ဓမ္မဝိလာသ ဘွဲ့တံဆိပ်တော်တို့ကို လှူဒါန်းပူဇော်ခဲ့ဖူးသော ထုံးလည်းရှိသည်။ မြန်မာနိုင်ငံအထက်ပိုင်း ဝိဇယပုရ အင်းဝနေပြည်တော်ကြီး၌ သာလွန်မင်းတရားကြီး လက်ထက် ပြည်ပဉ္စင်းကျော်အား တိပိဋကလင်္ကာရ ဘွဲ့တံဆိပ်တော်၊ အင်းဝပဉ္စင်းကျော်အား အရိယာလင်္ကာရ ဘွဲ့တံဆိပ်တော် တို့ကို လှူဒါန်းပူဇော်ခဲ့ဖူးသော ထုံးလည်းရှိသည်။ ရတနာသီခကုန်းဘောင်နေပြည်တော် အလောင်းမင်းတရားကြီးလက်ထက်မှစ၍ မန္တလေးရတနာပုံ ပထမမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်တိုင်အောင် ဆရာတော်၊ သံဃာတော်တို့အား ရာဇဂုရု ဘွဲ့တံဆိပ်တော်နှင့် ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်တို့ကိုလှူဒါန်း ပူဇော်ခဲ့ဖူးလေသည်။ သီပေါမင်းလက်ထက်တွင်လည်း ရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ကိုပင် ငါးမျိုး ငါးဆင့်ထား၍လှူဒါန်း ပူဇော်ခြင်းကို ပြုခဲ့သည်။ လူပုဂ္ဂိုလ်များကိုလည်း လူနှင့်သင့်လျော်သော ဘွဲ့တံဆိပ် အဆောင်အယောင်များကို ပေးအပ်ချီးမြှောက်ခြင်းများ ပြုလုပ်ခဲ့သည်။


ဘွဲ့တံဆိပ်တော်များ

(က)ပရိယတ္တိဆိုင်ရာဘွဲ့တံဆိပ်တော်(၂)မျိုး

(၁)အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်

(၂)အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်


(ခ)တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်(၁)မျိုး

(၁)တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်


(ဂ)စာချ ဘွဲ့တံဆိပ်တော်(၃)မျိုး

(၁)အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်

(၂)မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်

(၃)ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်


(ဃ)ဓမ္မကထိက ဘွဲ့တံဆိပ်တော်(၂)မျိုး

(၁)မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်

(၂)ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်


(င)သာသနာပြု ဘွဲ့တံဆိပ်တော်(၄)မျိုး

(၁)အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်

(၂)အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်

(၃)မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်

(၄)သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်


(စ)ကမ္မဋ္ဌာန်းနည်းပြ ဘွဲ့တံဆိပ်တော်(၃)မျိုး

(၁)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်

(၂)မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်

(၃)ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်


(ဆ)သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် (၈)မျိုး

(၁)အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)

(၂)အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)

(၃)သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)

(၄)သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)

(၅)သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)

(၆)သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)

(၇)သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်(အမျိုးသား)

(၈)သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်(အမျိုးသမီး)



(က)အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် (ပါဠိ: Abhidhajamahāraṭṭhaguru; အင်္ဂလိပ်: Abhidhaja Maha Rattha Guru Title) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်တော် တစ်ခု ဖြစ်သည်။ ၁၉၁၄ မှ ၂၀၁၉ အထိ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ဆရာတော် ၁၂၁ ပါးအား ဆက်ကပ်ခဲ့ပြီး ဖြစ်သည်။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ ဆရာတော်များသည် နိုင်ငံတော်ပိုင် ရထား၊ ရေယာဉ်၊ လေယာဉ်များကို အခမဲ့စီးနင်းခွင့်ရရှိသည်။

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ-

(၁)အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

(၂)အနည်းဆုံး သိက္ခာဝါ (၆၀)ရှိခြင်း။

(၃)ဗဟုသုတအကြားအမြင်များခြင်း။

(၄)သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း။

(၅)ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း။

(၆)တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်း။

(၇)သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း။မှတ်ချက်။ပြည်ပဘွဲ့ခံဆရာတော်များအတွက် အမှတ်စဉ်(၁)ဂုဏ်အင်္ဂါကို လျော့ပေါ့စဉ်းစား နိုင်သည်။


(ခ)အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် (ပါဠိ: Aggamahāpaṇḍita) သည် စာမေးပွဲဖြေဆို အောင်မြင်၍ရရှိသော ဓမ္မာစရိယ၊ တိပိဋကဓရဘွဲ့မျိုးကဲ့သို့ မဟုတ်ပေ။ စာမေးပွဲ မဖြေဆိုရဘဲ နိုင်ငံတော်အစိုးရက ထိုက်တန်သော ဆရာတော်ကြီးများ လူပုဂ္ဂိုလ်များကို ကပ်လှူပူဇော် ချီးမြှင့်သောဘွဲ့မျိုးဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ၏ အဓိပ္ပါယ်မှာ

အဂ္ဂ = မြတ်သော မဟာ = ကြီးကျယ်သော ပဏ္ဍိတ (ပဏ္ဍိတ်) = ပညာရှိဟု ဆိုလိုသည်။

ဤအဓိပ္ပါယ်အရ ကြီးကျယ်မြင့်မြတ်သော ပညာရှိအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ခြင်း ဖြစ်ပေသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၏ဂုဏ်အင်္ဂါအရည်အချင်းများမှာ-

(၁)အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။

(၂)အနည်းဆုံးသိက္ခာဝါ(၄၀)ရှိခြင်း။

(၃)သီလဝန္တဖြစ်ခြင်း။

(၄)ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။

(၅)ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ ကျွမ်းကျင်၍ ကျမ်းဂန်ရေးသားပြုစုခြင်း။

(၆)ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစသည်တို့ကို အမြဲမပြတ် ပို့ချခြင်း။

(၇)ပရိယတ္တိစာသင်တိုက် ဦးဆောင်နာယက ဖြစ်ခြင်း။

(၈)တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်း။

(၉)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မှတ်ချက်။ပြည်ပဘွဲ့ခံ ဆရာတော်များအတွက် အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၄) ဂုဏ်အင်္ဂါ များကို လျော့ပေါ့စဉ်းစားနိုင်သည်။



(ဂ)တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်စွမ်းနိုင်၍ တိပိဋကဓရ ဘွဲ့တံဆိပ်တော် ဆက်ကပ် ခံရပြီး ဖြစ်ခြင်း။

(၂)ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ်မေးခွန်းတို့ကို ဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။

(၃)တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ် သက်တမ်း ပြည့်မြောက်ခြင်း။

(၄)သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံခြင်း။

မှတ်ချက်။ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၃၇/၂၀၁၀ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အဖွဲ့ ဥပဒေအရ တိပိဋကဓရ တိပိဋကကောဝိဒအောင်မြင်ပြီး (၅)နှစ်ပြည့်ပါက ဆက်ကပ်သော ဘွဲ့တံဆိပ်တော် ဖြစ်ပါသည်။


(ဃ)အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အနည်းဆုံး သိက္ခာဝါ (၃၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။

(၄)စာချသက်တမ်း အနည်းဆုံး(၁၅)နှစ် ရှိခြင်း။

(၅)တစ်နေ့တာပို့ချသော စာဝါများ၌ ဓမ္မာစရိယစာမေးပွဲဆိုင်ရာ ကျမ်းစာများ၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို အနည်းဆုံး စာဝါ ၁ ဝါ ပို့ချဆဲဖြစ်ခြင်း။

(၆)တစ်နေ့တာပို့ချသော ဓမ္မာစရိယစာဝါများ၌ စုစုပေါင်းစာလိုက်သံဃာ မြို့ကြီး များတွင် အပါး ၃၀ ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် စာလိုက်သံဃာ ၁၅ ပါး ရှိခြင်း။

(၇)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၈)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

(င)မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အနည်းဆုံး သိက္ခာဝါ (၂၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ဓမ္မာစရိယစာချတန်း အောင်မြင်ပြီး ဖြစ်ခြင်း။

(၄)စာချသက်တမ်း အနည်းဆုံး(၁၀)နှစ်ရှိခြင်း။

(၅)ပထမကြီးတန်းအဆင့် ကျမ်းစာများကို ကျွမ်းကျင်စွာ ပို့ချဆဲဖြစ်ခြင်း။

(၆)မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်းစာလိုက်သံဃာ အပါး ၄၀ ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် အနည်းဆုံး ၂၅ ပါး ရှိခြင်း။

(၇)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၈)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။


(စ)ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အနည်းဆုံး သိက္ခာဝါ (၁၀)ဝါ ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ပထမကြီးတန်း အောင်မြင်ပြီး ဖြစ်ခြင်း။

(၄)စာချသက်တမ်း အနည်းဆုံး(၅)နှစ်ရှိခြင်း။

(၅)ပထမလတ်တန်းနှင့် ပထမငယ်တန်းဆိုင်ရာကျမ်းစာများကို ကျွမ်းကျင်စွာ ပို့ချဆဲ ဖြစ်ခြင်း။

(၆)မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်းစာလိုက်သံဃာ အပါး ၂၀ ရှိ၍ မြို့ငယ်များတွင် အနည်းဆုံး ၁၅ ပါးရှိခြင်း၊ ကျေးရွာများတွင် အနည်းဆုံး ၁၀ ပါး ရှိခြင်း။

(၇)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၈)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။


(ဆ)မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။

(၂)အနည်းဆုံး သိက္ခာဝါ (၃၀)ရှိခြင်း။

(၃)သီလဝန္တဖြစ်ခြင်း။

(၄)ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။

(၅)အနည်းဆုံး နှစ်(၂၀) နယ်လှည့်တရားဟောကြားခဲ့ခြင်း။

(၆)နိုင်ငံတစ်ဝန်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။

(၇)ထေရဝါဒပိဋကကျမ်းစာများနှင့်လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း။

(၈)ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောခြင်း။

(၉)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၁၀)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။


(ဇ)ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အနည်းဆုံး သိက္ခာဝါ (၂၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။

(၄)အနည်းဆုံး(၁၀) နှစ် နယ်လှည့်တရားဟောကြားခဲ့ခြင်း။

(၅)သက်ဆိုင်ရာဒေသအတွင်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။

(၆)ထေရဝါဒပိဋကကျမ်းစာများနှင့်လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း။

(၇)ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောခြင်း။

(၈)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၉)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။


(ဈ)အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီး ဖြစ်ခြင်း။

(၂)အနည်းဆုံးသက်တော် နှစ်(၈၀)ရှိခြင်း။

(၃)သာသနာ့ဝန်ထမ်းဖြစ်ခြင်း။

(၄)သာသနာပြုလုပ်ငန်းများကို အနည်းဆုံး နှစ်(၃၀) ဆောင်ရွက်ခဲ့ခြင်း (သို့မဟုတ်) ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ထူးခြားစွာ ဆောင်ရွက်တော်မူခြင်း။

(၅)သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း။

(၆)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

မှတ်ချက်။ပြည်ပဘွဲ့ခံ ဆရာတော်များအတွက် အမှတ်စဉ်(၁)ဂုဏ်အင်္ဂါကို လျော့ပေါ့ စဉ်းစားနိုင်သည်။


(ည)အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အနည်းဆုံးသက်တော် နှစ်(၅၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)သာသနာပြုလုပ်ငန်းများကို အနည်းဆုံးနှစ်(၂၀) ဆောင်ရွက်ခဲ့ခြင်း။

(၄)သာသနာ့ဝန်ထမ်းဖြစ်ခြင်း။

(၅)စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ ၁၀၀ ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။(သို့မဟုတ်)ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသောဒေသများ၌ နှစ်(၂၀) သာသနာပြုခဲ့ခြင်း။(သို့မဟုတ်)သာသနာတော်အား ကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၁၀ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။(သို့မဟုတ်)အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၁၅)နှစ် သင်ကြားပေးခဲ့ခြင်း။(သို့မဟုတ်)ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။

(၆)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၇)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မှတ်ချက်။ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏ အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။


(ဋ)မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)အနည်းဆုံးသက်တော် နှစ်(၄၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၁၀) နှစ် ဆောင်ရွက်ခဲ့ခြင်း။

(၄)စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံး ၇၅ ဦး ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။(သို့မဟုတ်)ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသောဒေသများ၌ နှစ်(၂၀) သာသနာပြုခဲ့ခြင်း။(သို့မဟုတ်)သာသနာတော်အားကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၈ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။(သို့မဟုတ်)အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၁၀)နှစ် သင်ကြားပေးခဲ့ခြင်း။(သို့မဟုတ်)ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။

(၅)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၆)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မှတ်ချက်။ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။


(ဌ)သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်

(၁)အနည်းဆုံးသက်တော် နှစ်(၃၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၅) နှစ် ဆောင်ရွက်ခဲ့ခြင်း။

(၄)စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြား နည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ ၅၀ ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။(သို့မဟုတ်)ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသောဒေသများ၌ (၁၀)နှစ် သာသနာပြုခဲ့ခြင်း။(သို့မဟုတ်)သာသနာတော်အားကျေးဇူးများသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၆ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။(သို့မဟုတ်)အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၅)နှစ် သင်ကြားပေးခဲ့ခြင်း။(သို့မဟုတ်)ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။

(၅)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၆)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

မှတ်ချက်။ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။


(ဍ)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)သက်တော်နှစ်(၅၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လျက် အနည်းဆုံး (၁၅)နှစ် ကမ္မဋ္ဌာန်းပြသခဲ့ခြင်း။

(၄)ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။

(၅)ထေရဝါဒပါဠိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာ ပြသခြင်း။

(၆)ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။

(၇)ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၁၀၀၀ အထက်ရှိခြင်း။

(၈)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၉)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။


(ဎ)မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)သက်တော်နှစ်(၄၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လျက် အနည်းဆုံး (၁၀)နှစ် ကမ္မဋ္ဌာန်း ပြသခဲ့ခြင်း။

(၄)ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။

(၅)ထေရဝါဒပါဠိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာ ပြသခြင်း။

(၆)ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။

(၇)ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၅၀၀ အထက်ရှိခြင်း။

(၈)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၉)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။


(ဏ)ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

(၁)သက်တော်နှစ်(၃၀)ရှိခြင်း။

(၂)သီလဝန္တဖြစ်ခြင်း။

(၃)ကမ္မဋ္ဌာန်းရိပ်သာတစ်ခုတွင် အနည်းဆုံး (၅)နှစ် ကမ္မဋ္ဌာန်းပြသခဲ့ခြင်း။

(၄)ဓမ္မာစရိယစာချတန်း အောင်မြင်ခြင်း (သို့မဟုတ်) ပိဋကကျမ်းစာများ သင်ယူဖူးခြင်း။

(၅)ထေရဝါဒပါဠိ၊ ပိဋကတော်လာ ကမ္မဋ္ဌာန်းနည်းများကိုသာ ပြသခြင်း။

(၆)ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောပြောပြသခြင်း။

(၇)ကမ္မဋ္ဌာန်းရိပ်သာတွင် တစ်နှစ်အတွင်း တရားအားထုတ်သော ယောဂီဦးရေ ၃၀၀ အထက်ရှိခြင်း။

(၈)သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။

(၉)ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။



(တ)အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း

(၁)ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။

(၂)ရှင်သာမဏေ အပါး ၃၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။

(၃)ရှင်သာမဏေအပါး ၃၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။

(၄)ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၃၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၅)ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၃၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၆)ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။

(၇)တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။

(၈)သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။

(၉)ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၅၀၀၀ အထက် ရှိခြင်း။



(ထ)သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း

(၁)ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။

(၂)ရှင်သာမဏေ အပါး ၂၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။

(၃)ရှင်သာမဏေ အပါး ၂၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။

(၄)ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၅)ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၆)ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။

(၇)တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။

(၈)သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။

(၉)ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၄၀၀၀ အထက် ရှိခြင်း။


(ဒ)သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါ အရည်အချင်း(၁)ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။

(၂)ရှင်သာမဏေအပါး ၁၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။

(၃)ရှင်သာမဏေ ၁၀ ပါးကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။

(၄)ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၅)ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၆)ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။

(၇)တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။

(၈)သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။

(၉)ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၃၀၀၀ အထက် ရှိခြင်း။


(ဓ)သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ဂုဏ်အင်္ဂါအရည်အချင်း

(၁)ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။

(၂)ရှင်သာမဏေအပါး ၅၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။

(၃)ရှင်သာမဏေ ၅ ပါးကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း။

(၄)ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၅၀ အထက် လှူဒါန်းခဲ့ခြင်း။

(၅)ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၅၀ အထက် လှူဒါန်းခဲ့ခြင်း။

(၆)ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။

(၇)တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။

(၈)သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။

(၉)ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၂၀၀၀ အထက် ရှိခြင်း။


Comments


© 2020 by Peter Personal Vlog

Follow

  • Facebook
  • Youtube
  • 6dff9dbcd03edbf11101123a4b10bb43
  • Pinterest
  • X
  • Instagram
  • telegram
bottom of page